အယ်လ်နီညို

အယ်လ်နီညို-တောင်ပိုင်းလှုပ်ရှားမှု (El Niño–Southern Oscillation, အတိုကောက်အားဖြင့် ENSO၊ El Niño) ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဖြစ်စဉ်တစ်ခုကို ခေါ်ဆိုသည့် ဝေါဟာရဖြစ်သည်။ ၎င်းကို အယ်လ်နီညို (El Niño) နှင့် လာနီညာ (La Niña) ဟူ၍လည်း ခေါ်ဆိုကြသည်။ စပိန်ဘာသာစကားဖြင့် ၎င်းတို့သည် “ယောက်ျားလေး” နှင့် “မိန်းကလေး” ဟု အဓိပ္ပာယ်ရသည်။

အယ်လ်နီညို (El Niño) ဆိုသည်မှာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး အလွန် ပူနွေးခြောက်သွေ့သည့်ဖြစ်စဉ်တစ်ခုဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ တိတိကျကျဆိုရလျှင် အယ်လ်နီညိုသည် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ရေမျက်နှာပြင်တွင် ပင်လယ်ရေအပူချိန် မြင့်တက်လာသောအခါ ဖြစ်ပွားတတ်သည်။ တောင်အမေရိကတိုက်၏အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်သည့် အီကွေဒေါနှင့် ပီရူးနိုင်ငံများဆီကို ခရစ်စမတ်ကာလတွင် တိုးဝင်လာတတ်ကြသော အားပျော့သည့် ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ထားသောအမည်ဖြစ်သည်။

ယေဘုယျအားဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ဤဖြစ်စဉ်သည် နှစ်နှစ်မှ ငါးနှစ် (သို့မဟုတ်) ငါးနှစ်မှ ခုနစ်နှစ်အတွင်း တစ်ကြိမ်ခန့် ဖြစ်ပေါ်တတ်သည်။ ယခုနောက်ပိုင်းတွင် နှစ်နှစ် သုံးနှစ်အတွင်းလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ အဆိုပါ ရေပူစီးကြောင်းသည် ရက်သတ္တပတ်အနည်းငယ်မှ တစ်လ သို့မဟုတ် တစ်လထက်ပို၍သာ ကြာမြင့်တတ်သော်လည်း၊ သုံးနှစ်မှ ခုနစ်နှစ်တစ်ကြိမ်တွင်မူ အယ်လ်နီညိုဖြစ်စဉ်သည် လပေါင်းများစွာ ကြာမြင့်နိုင်သည်။

အယ်လ်နီညိုဖြစ်စဉ်သည် အားကောင်းပါက တောင်အမေရိကနိုင်ငံများမှတစ်ဆင့် တစ်ကမ္ဘာလုံး ပျံ့နှံ့ဖြစ်တည်တတ်ပြီး ရာသီဥတုဖောက်ပြန်မှုများ ပြင်းထန်လာတတ်သည်။ များသောအားဖြင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံးရေရှားပါးခြင်းတို့ကို ဖြစ်ပေါ်စေတတ်သည်။ ဩစတြေးလျနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မိုးခေါင်ရေရှားမှုများ ကြုံတွေ့ရနိုင်သော်လည်း၊ ပီရူးနိုင်ငံ၏ သဲကန္တာရများတွင်မူ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်သည်။ အရှေ့အာဖရိကတွင်မူ ဤဖြစ်စဉ်နှစ်ရပ်စလုံးကို ကြုံတွေ့ရနိုင်သည်။ လာနီညာ (La Niña) ဖြစ်စဉ်တွင်မူ ရာသီဥတုပုံစံများသည် အယ်လ်နီညိုနှင့် ပြောင်းပြန်ဖြစ်သွားတတ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top